Dinsdag 16 September 2014

'' ဒီနေ့ ---

'' ဒီနေ့ ----
ငါ့အခန်းနံရံမှာ
ကပ်ထားတဲ့
နင့်ဓါတ်ပုံလေးကို
ငါ ပြန်ခွာလိုက်တယ် -------

ခဏ ခဏ ကြည့်မိတဲ့
ငါတို့နှစ်ယောက်ရဲ့
ဓါတ်ပုံ Album လေးလည်း
သေတ္တာ အောက်ဆုံး အကန့်မှာ
အပြီးသတ် သော့ခပ် သိမ်းလိုက်တယ် -----

ရေခြားမြေခြားမှာ
နင် အန္တရာယ်ကင်းဖို့အတွက် ညှပ်ထားမိတဲ့
ပရိတ်ကြီး (၁၁)သုတ် စာအုပ်ကြားထဲက
နင့်လိုင်စင်ဓါတ်ပုံလေးကိုတော့
ငါဖယ်ဖို့ လက်တွန့်နေတုန်းပဲ ------

နင်လက်ဆောင်ပေးခဲ့ဖူးတဲ့
ခရမ်းရောင် ခေါင်းစည်းလေးတွေလဲ
ပိုင်ရှင်မဲ့ခဲ့တာကြာပေါ့ဟာ -----

ငါ့ရင်ထဲက နင့်ကိုထွက်ခွာဖို့
ဥသြ ဆွဲနေပေမယ့်
ထောင့်တနေရာမှာ
နင်ကပ်နေတုန်းပဲ ----

(တချိန်က)ချစ်သူရေ ---
''ဝဋ်'' ဆိုတာ လည်တက်သတဲ့
နင်ထားခဲ့ခြင်းဟာ
ငါ ''ဝဋ်'' လည်တာဆိုရင် ----
ငါ့ကိုထားခဲ့တဲ့အတွက်တော့
နင် တန်ပြန် ''ဝဋ်'' မလည်ပါစေနဲ့ ----
အဲဒါ --- ငါနင့်အတွက်နောက်ဆုံး
ပေးနိုင်တဲ့ ''လက်ဆောင်'' ဆုတောင်းစကားပါ ------ ''

Geen opmerkings nie:

Plaas 'n opmerking